Tuesday, August 23, 2011

UNHCR-Malaysia ၏ ဒုက္ခသည်များ လက်ဗွေနှိပ်ရန်သတင်းနှင့် ပတ်သတ်၍

၂၂..၂၀၁၁ တွင် UNHCR-Malaysia သည် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည် အဖွဲ့အစည်းတချို့အားခေါ်ယူ၍ UNHCR-Malaysia နှင့် သက်ဆိုင်သည့် စာရွက်စာတမ်း လက်ဝယ်ကိုင်ဆောင်ထားသူ မည်သူမဆို ၂၆..၂၀၁၁ (သောကြာနေ့) နောက်ဆုံးထား၍ မလေးရှားလ၀ကရုံး၌ လက်ဗွေသွားရောက် ပေးဆောင်ရမည်ဟု အဖွဲ့အစည်းခေါင်းဆောင်တချို့အား ပါးစပ်စကားပြောကြားခဲ့သည်ဟု သိရပါသည်။ (နှုတ်စကားသာဖြင့်သည့်အတွက် မြန်မာပြည်ရှိ လက်ရှိအစိုးရကဲ့သို့ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်)

UNHCR-Malaysia
တွင် Community Development Unit (CDU) ခေါင်းစဉ်ခွဲဌာနတခုရှိပြီး ထိုဌာနလက်အောက်တွင် မလေးရှားရှိ မြန်မာဒုက္ခသည်နှင့် နိုင်ငံရေးအဖွဲ့အစည်းအားလုံး၏နာမည်နှင့် စာရင်းများရှိနေသည်ဟု သိရပါသည်။ ထိုသို့အဖွဲ့အစည်းများအား ခေါ်ယူရာတွင် CDU စာရင်းတွင် ရှိနေသည့် မလေးရှားနိုင်ငံရှိ မြန်မာဒုက္ခသည်နှင့် နိုင်ငံရေးအဖွဲ့အစည်းများအားလုံးအား ခေါ်ယူပြောကြားခြင်းမဟုတ်ဘဲ UNHCR-Malaysia နှင့်နီးစပ်သည့် အဖွဲ့အစည်းများကိုသာ ခေါ်ယူအသိပေးခြင်းဖြစ်ကြောင်း သိရပါသည်။

မလေးရှားနိုင်ငံတွင် ယခုပြုလုပ်ပေးလျှက်ရှိသည့် Legalization ကာလအတွင်း ဒုက္ခသည်များအတွက် အလွန်တရာအရေးကြီးသည့် ဖော်ပြပါသတင်းနှင့်ပတ်သတ်၍ UNHCR-Malaysia မှ စာအားဖြင့်သော်လည်းကောင်း၊ http://www.unhcr.org.my/ နှင့် UNHCR-Malaysia နှင့်သက်ဆိုင်သည့် facebook ကဲ့သို့သော အင်တာနက်စာမျက်နှာများတွင်သော်လည်းကောင်း ကြေငြာချက်တစုံတရာထုတ်ပြန်ခြင်းမရှိဘဲ အဖွဲ့အစည်းတချို့မှ ခေါင်းဆောင်များကိုသာ နှုတ်ဖြင့်သာ သတင်းပေးစကားပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်ခိုလှုံကြသည့် ဒုက္ခသည်များ များပြားနေသည့်အလျောက် UNHCR-Malaysia ၏ သတိပေးစကားပြောကြားမှုကို ကြားနာခဲ့ရသည့် အဖွဲ့အစည်းခေါင်းဆောင်တချို့သည် မိမိတို့ အဖွဲ့မှ UNHCR မှတ်ပုံတင်စာရင်းဝင် အဖွဲ့ဝင်များကိုသော်လည်းကောင်း၊ မလေးရှားနိုင်ငံတနံတလျားမှ UNHCR မှတ်ပုံတင်စာရွက်/ကဒ် လက်ဝယ် ကိုင်ဆောင်ထားသူများ အားလုံးကိုသော်လည်းကောင်း မည်သည့်ဆက်သွယ်ရေးစနစ်ကို အသုံးပြု၍ အသိပေးပြောကြားမည်ကို မခန့်မှန်းနိုင်ပေ။

ယခုဤသတင်းနှင့်ပတ်သတ်သည်များကို ရေးသားနေသည့်အချိန်အထိ မလေးရှားနိုင်ငံတွင်ရှိနေကြသည့် ဒုက္ခသည်များအားလုံးအနေနှင့် UNHCR-Malaysia မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသော သတင်းစကားအပေါ် ဝေခွဲမရဖြစ်နေကြပြီး သတိပေးစကားကြားနာခဲ့ရသည့် အဖွဲ့အစည်းတချို့မှခေါင်းဆောင်များနှင့် လက်လှမ်းမမှီ၍ ထိုသတင်းအား မကြားသိရဘဲ လ၀ကရုံးသို့ လက်ဗွေသွားရောက် မပေးဆောင်နိုင်ကြမည့် UNHCR-Malaysia ၏ မှတ်ပုံတင်စာရင်းဝင် ဒုက္ခသည်များအပေါ် မည်ကဲ့သို့ ဆိုးကျိုးသက်ရောက်နိုင်မည်ကို မသိရှိရသေးပေ။

ထိုသို့ UNHCR-Malaysia နှင့် မလေးရှားအစိုးရတို့၏ နှစ်ဦးနှစ်ဖက်လုံး၌ လက်ဗွေပုံစံရယူထားမှု ပေါ်ပေါက်လာရခြင်းမှာ မလေးရှားနိုင်ငံတွင် UNHCR-Malaysia မှ အထောက်အထားစာရွက်/ကဒ် နှင့် အလုပ်လုပ်ခွင့် တရားဝင်ပါမစ် (ပတ်စပို့) နှစ်ခုစလုံးကို ကိုင်ဆောင်ထားသူများ ပေါများလာခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ကိုင်ဆောင်ထားနိုင်သူအများစုမှာလည်း UNHCR-Malaysia မှ အထောက်အထားစာရွက်/ကဒ်တို့ကို အလွယ်တကူပြုလုပ်နိုင်ကြသူများဖြစ်ပြီး ထိုသူများသည် UNHCR-Malaysia မှအထောက်အထားကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရန်အတွက်သာ အသုံးပြုပြီး အလုပ်လုပ်ခွင့် တရားဝင်ပါမစ်ကို မလေးရှားအာဏာပိုင်များမှ ဖမ်းဆီးခဲ့လျှင် ထုတ်ပြအသုံးပြုကြကြောင်း သိရပါသည်။
Posted By မောင်ပါလ to မောင်ပါလ at 8/23/2011 04:16:00 AM

No comments:

Post a Comment