Sunday, October 30, 2011

အခြေအနေကို ထိန်းထားနိုင်ရမယ်

ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီးလည်းဖြစ်၊ ညောင်ရွှေ စော်ဘွားဆက်၏ နောက်ဆုံး စော်ဘွားလည်းဖြစ်သော စော်ဘွားကြီးစပ်ရွှေသိုက်၏ သားတဦးဖြစ်သည်။ လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ကြေငြာပြီး ၄ လ အကြာ ၁၉၄၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ဦးဟန်ညောင်ဝေကို မွေးဖွားခဲ့သည်။ အခြေခံပညာရေးကို မြန်မာနိုင်ငံတွင် သင်ယူဆည်းပူးခဲ့ပြီး ထိုင်းနိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ပညာ ဆက်လက်ဆည်းပူးကာ ဘွဲ့ရရှိသည်။ ထို့နောက် ကနေဒါနိုင်ငံ McGill University မှ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA) ကို ရရှိခဲ့သည်။
ဦးဟန်ညောင်ဝေ (ဓာတ်ပုံ - Shan Herald  Agency for News)
ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် နှစ်ပေါင်းများစွာပင် ဆောင်ရွက်လာခဲ့သည်။ သူသည် Burma Alert လစဉ်သတင်းစာစောင်၏ အယ်ဒီတာ၊ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီးချုပ် ဦးစိန်ဝင်း၏ အကြံပေး၊ မြန်မာနိုင်ငံအတွင်းသို့ နေ့စဉ် မြန်မာဘာသာအပြင် တိုင်းရင်းသား (၇) ဘာသာဖြင့် သတင်းထုတ်လွှင့်နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး စသည့် တာဝန်များ ယူခဲ့သည်။

၁၉၉၇ ဖေဖော်ဝါရီလတွင် ဦးဟန်ညောင်ဝေသည် ဥရောပ မြန်မာရုံး၏ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရတရပ်သို့ အသွင်းကူးပြောင်းရာတွင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအား ကူညီထောက်ပံ့ပေးရန် ဥရောပသမဂ္ဂနှင့် ဂျာမန် Friedrich Ebert ဖောင်ဒေးရှင်းတို့က ပူးတွဲအကောင်အထည်ဖော်သော စီမံကိန်းတခုဖြစ်သည်။

လက်ရှိမြန်မာ့နိုင်ငံရေးဝန်းကျင်၊ ပြုပြင်ပြောင်းလဲမှုများ၏ လက်ရှိအနေအထား၊ တိုင်းပြည်အတွင်းဖြစ်ပေါ်နေသော အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ တုန့်ပြန်ဆောင်ရွက်ချက်၊ သက်ဆိုင်ရာ ပါဝင်ဆောင်ရွက်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်ချက်များနှင့် ပတ်သက်၍  ဧရာဝတီမဂ္ဂဇင်းက ဦးဟန်ညောင်ရွှေကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။    ။ မြန်မာအစိုးရနဲ့ စစ်တပ်ထဲမှာ တဖက်နဲ့တဖက် အကြိတ်အနယ် ပြိုင်နေကြတဲ့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့အုပ်စုရယ်၊ ပြောင်းလဲရေးကို မလိုလားတဲ့ ခေါင်းမာတဲ့အုပ်စုရယ်လို့ ရှိနေတယ်လို့ ပြောနေကြပါတယ်။ ဦးဟန်ညောင်ဝေကရော ဘယ်လိုသဘောရပါသလဲ။ ပြုပြင်ပြောင်းလဲရေးသမားတွေက အသာစီးရနေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် ဒီအုပ်စုနှစ်ခုစလုံးက အတိုက်အခံနဲ့ နိုင်ငံတကာအသိုင်းအ၀န်းကို ချော့တခါ၊ ခြောက်တလှည့် ပုံစံမျိုးနဲ့ ကစားနေတာလား။

ဖြေ ။    ။ ပြုပြင်ပြောင်းလိုတဲ့ လစ်ဘရယ်အုပ်စုနဲ့ ခေါင်းမာတဲ့အုပ်စုကြား တိုက်ပွဲရယ်လို့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သီအိုရီအရ ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်တော့ အခုအခြေအနေက အဲဒီလိုပုံ ပေါက်နေနိုင်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၄ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို တချို့အကဲဖြတ်သူတွေက လစ်ဘရယ်တဦးရယ်လို့ မြင်ခဲ့ကြတာပေါ့။ တဖက်ကကြည့်ပြန်တော့လည်း ခင်ဗျားပြောသလို အကောင်းနဲ့အဆိုး ပုံစံလည်း မဟုတ်ပြန်ဘူးဗျ။ ကျနော်တို့ကိုယ် ကျနော်တို့လည်း အရူးမလုပ်သင့်ဘူး။ တပ်မတော်က အတိုက်အခံကိုလည်း ဂရုမစိုက်ဘူး၊ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ဂရုမစိုက်ဘူး။ ဗိုလ်ချုပ်နေ၀င်းက ၁၉၆၂ မှာ အာဏာသိမ်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဦးနုက အခြေအနေကို မထိန်းနိုင်တော့လို့။ ဦးနေ၀င်းက ၁၉၈၈ မှာ ထိန်းမထားနိုင်တော့ တပ်မတော်က တခါ အာဏာထပ်သိမ်းလိုက်တာပဲ။

အဓိကသဘောတရားက ဘာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ တစုံတဦး (တပ်မတော်) က အခြေအနေကို ထိန်းထားနိုင်ရမယ်။ လမ်းပြမြေပုံ ၇ ချက်ဆိုတာ ခိုင်မာတဲ့အစိုးရတရပ်နဲ့ ဘေးနားကနေ မားမားရပ်ပေးမယ့် ခိုင်မာတဲ့တပ်မတော်တရပ် ဖြစ်လာဖို့ပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ ဇာတ်ညွှန်းထဲကနေ ဖယ်ပေးလိုက်ပြီး ယိုင်နဲ့နဲ့ပါတီ၊ အားပျော့တဲ့ သမ္မတနဲ့ ဒုသမ္မတ၊ ချိနဲ့နဲ့ ပါလီမန်နဲ့ ချိနဲ့နဲ့တပ်မတော်ကို အာဏာလွှဲပေးလိုက်တယ်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ သမ္မတ ဦးသိန်းစိန်ကလည်း ဒီအခြေအနေကို ဆက်အဖြစ်မခံနိုင်ဘူး။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ ထိန်းချုပ်ဖို့ သူကြိုးစားခဲ့တယ်။ အခုကျနော်တို့ မြင်နေကြားနေရတဲ့ သဘောထား ကွဲလွဲချက်တွေဆိုတာ အတွေးအခေါ်ပိုင်းအရ မဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးအရ ဖြစ်နေတာ။ ဘာကြောင့်လဲဆိုတော့ တချို့တွေက ဦးသိန်းစိန်ကို ခေါင်းဆောင်နေရာပေးတာ မကြိုက်ကြဘူး။ သူတို့ကိုယ်တိုင် ခေါင်းဆောင်ဖြစ်ချင်နေတာ။

ခိုင်မာတဲ့ အစိုးရတရပ်အနေနဲ့ ထိန်းချုပ်ဖို့အားထုတ်တာ လွန်တဲ့ကိစ္စတော့မဟုတ်ဘူး။ အမေရိကန်လို ဒီမိုကရေစီ အစိုးရများကိုယ်တိုင် အရာရာအားလုံးကို ထိန်းထားချင်တယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် မင်းမဲ့စရိုက် ဖြစ်ကုန်မှာပေါ့။ ဆိုတော့ မေးရမှာက ဘယ်သူကို ထိန်းချုပ်ခွင့် ဘယ်လိုပေးမလဲနဲ့ အဲဒီထိန်းချုပ်ခွင့်ကို ဘယ်လိုမျိုး လက်တွေ့ကျင့်သုံးမလဲ ဆိုတာပဲ။ အဲဒီ ထိန်းချုပ်ခွင့်ရှိသူကို လူထုဆန္ဒ၊ တရားဥပဒေစိုးမိုးမှု၊ စည်းရုံးဆွဲဆောင်မှုစတဲ့ လုပ်ငန်းစဉ်တွေကနေ ယူမယ်ဆိုရင်တော့ လုံးဝဥဿုံလက်ခံရမှာပဲ။ ဒါပေမယ့် အဲဒါကို လက်နက်နဲ့ လုပ်ယူမယ်ဆိုတော့ လက်ခံနိုင်စရာမရှိဘူး။ ဒါ့ကြောင့် တချို့တွေက ဦးသိန်းစိန်ရဲ့ တရားဝင်မှုနဲ့ပတ်သက်ပြီး မွေးခွန်းထုတ်နေကြတယ်။ အခုသူလုပ်နေတဲ့ နည်းလမ်းတွေအရဆိုရင် တော်တော်လက်ခံနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မတူတဲ့ တခြားခြားနားချက်က ဘာလဲဆိုတော့ ယနေ့ခေတ်ကာလမှာ မြန်မာနိုင်ငံဟာ တိုင်းပြည်တခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ဆိုရင် အပြောင်းအလဲတွေ လုပ်ဖို့လိုတယ်လို့ ဦးသိန်းစိန်က မြင်ပုံရတယ်။ သူကိုယ်တိုင်က လွတ်လပ်မျှတသူ လစ်ဘရယ်သမားတော့ မဟုတ်ဘူး။ ဒါပေမယ့် အခြေအနေတခုလုံးကို ထိန်းထားနိုင်တဲ့ အစိုးရမျိုး၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား (တခြားတိုင်းပြည်များ၊ စီးပွားရေးလုပ်ငန်းကြီးများနဲ့ ယှဉ်၍) ကို ကာကွယ်နိုင်တဲ့ အစိုးရမျိုး သူ့အစိုးရကို ဖြစ်စေချင်တယ်။

သူ့အပြောင်းအလဲတွေ အောင်မြင်မှာလား။ ဒီအတွက်တော့ အဖြေမရှိသေးပါဘူး။ သူ့ရန်ဖက်တွေက သူ့ကို အာဏာကနေ ဖယ်လိုက်နိုင်တယ်ဆိုရင်၊ ပြည်သူတွေရဲ့ဒုက္ခသုက္ခတွေကို သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေကနေ ဖယ်ရှားပစ်နိုင်ပါတယ်လို့ သူ့အနေနဲ့ ပြည်သူတွေကို နားမချနိုင်ဘူးဆိုရင်၊ တိုင်းရင်းသားတွေနဲ့ သူ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးဆိုရင်၊ အစိုးရက သူ့ရဲ့ ကတိတွေကို အကောင်အထည် မဖော်ပေးနိုင်ဘူးဆိုရင်၊ နိုင်ငံတကာအသိုင်းအ၀န်းက သူ့ရဲ့အားထုတ်ချက်တွေကို လက်မခံဘဲ ဖိအားတွေ ဆက်ပေးနေမယ်ဆိုရင် စသဖြင့် စသဖြင့်ပေါ့၊ အဲဒါဆိုရင်တော့ သူကျဆုံးမှာပဲ။

ကျနော်တို့ကိုယ်ကျနော်တို့ မေးရမယ့် မေးခွန်းက တခြားအစားထိုးစရာ ရှိသလား၊ အကယ်၍ သူ မအောင်မြင်ခဲ့ဘူးဆိုရင် ဒီမိုကရေစီအရေးအတွက် ပိုကောင်းလာမှာလား၊ သူ့နေရာမှာ ဘယ်သူနဲ့၊ ဒါမှမဟုတ် ဘာနဲ့ အစားထိုးမလဲ။ ပိုပြီး ပွင့်လင်းတဲ့ လစ်ဘရယ်ဆန်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရ ဖြစ်မလာမှာတော့ ကျိန်းသေတယ်။ အဖြစ်နိုင်ဆုံး အခြေအနေက တပ်မတော်က အာဏာသိမ်းလိမ့်မယ်။ ဦးသိန်းစိန်ရဲ့ ကျဆုံးခန်းကို ကြည့်ပြီး နောင်တက်လာမယ့် စစ်အစိုးရက ပိုပြီးတော့ ရှေးရိုးဆန်မယ်၊ ပိုပြီးဖိနှိပ်မယ်၊ လစ်ဘရယ် မဖြစ်တော့ဘူး။

မေး ။    ။ ဘယ်လို ပြုပြင်ပြောင်းလဲမှုမျိုးကို ဦးဟန်ညောင်ဝေအနေနဲ့ မြင်တွေ့လိုပါသလဲ။ မြန်မာအစိုးရအနေနဲ့ရော အခုအချိန်မှာ ဘယ်လို အသေးစိတ်လုပ်ငန်းမျိုးတွေ လုပ်ဆောင်သင့်ပါသလဲ။
ဖြေ ။    ။ ပြုပြင်ပြောင်းလဲရေး တော်တော်များများကိုတော့ လုပ်ပေးမယ်လို့ ကတိပြုထားပြီးပါပြီ။ စီးပွားရေးနဲ့ ပတ်သက်တာတွေကတော့ တော့်တော့်ကို ရှုပ်ထွေးပြီး အကောင်အထည်ဖော်ဖို့လည်း ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေက တခုနဲ့တခု ဆက်စပ်နေလို့လည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်လောက် ကျနော်တို့ မျက်နှာလွဲခဲပစ်လုပ်ထားတဲ့၊ ပိုဆိုးလာနေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ကျနော်ထင်တာကတော့ အစိုးရအနေနဲ့ ကတိအသစ်တွေ ထပ်ပေးနေမယ့်အစား ပြုပြင်ပြောင်းလဲရေးအတွက် ပေးပြီးသားကတိတွေကိုပဲ အကောင်အထည်ဖော်ဖို့ ပိုအရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲက ဘာလဲဆိုတော့ အစိုးရမှာ အကောင်အထည်ဖော်ဖို့ လုပ်နိုင်စွမ်းအား မရှိနိုင်တာပဲ။ အစိုးရလုပ်နိုင်တာထက် ပိုပြီး မျှော်မှန်းလိုက်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေက ပိုပြီးတော့ လက်တွေ့နဲ့ ကင်းကွာသွားနိုင်ပါတယ်။  တချို့လုံခြုံရေးဆိုင်ရာ ဥပဒေတွေ ဖျက်သိမ်းပစ်တာမျိုး၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတာမျိုး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာမျိုး၊ ပြည်ပက အတိုက်အခံတွေ ပြည်တွင်းပြန်လာနိုင်အောင် လုပ်ထုံးလုပ်နည်းတချို့ ချပေးတာမျိုး၊ စာပေစိစစ်ရေး ဥပဒေတွေကို ဖျက်သိမ်းပေးတာမျိုး၊  သတင်းထောက်တွေအတွက် လွတ်လပ်ခွင့် ပိုပေးတာမျိုးအပြင် နိုင်ငံခြားသတင်းထောက်တွေကို ၀င်ခွင့်ပြုတာမျိုးတွေက ရှိနေပြီးသား ဗျူရိုကရေစီကို ထပ်ပြီး အလုပ်မရှုပ်စေတဲ့ ပြုလွယ်ပြင်လွယ်တဲ့ အပြောင်းအလဲတွေပါ။

မေး ။    ။ တရုတ်ကဆောက်ပေးမယ့် မြစ်ဆုံရေကာတာ တည်ဆောက်ရေး ယာယီရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ကို တချို့က အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုကောင်းအောင် လုပ်လိုက်တဲ့ မဟာဗျူဟာ ကျားကွက်လို့ မြင်ကြတယ်။ အာဏာချိန်ခွင်လျှာ ညှိတဲ့သဘောပေါ့။ ဦးဟန်ညောင်ဝေကရော အဲဒီအမြင်ကို သဘောတူလား။ တရုတ်လွှမ်းမိုးမှုကို မြန်မာက တုန့်ပြန်လိုက်တဲ့အကွက်တခုလို့ တကယ်ရော မှတ်ယူလို့ရပ့ါမလား။ တရုတ်ဖဲချပ်ကို မြန်မာက ထုတ်ကစားလိုက်ခြင်းအားဖြင့် အစစ်အမှန် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကနေ အသာလေး ရှောင်ထွက်သွားနိုင်သလို၊ အနောက်အုပ်စုနဲ့လည်း မိတ်ဆွေလုပ်နိုင်မယ်လို့ တချို့ အကဲဖြတ်တွေက ပြောနေကြတယ်။ အဲဒါကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။    ။ ဒီလုပ်ရပ်ကို လူအထင်ကြီးလောက်တဲ့ နိုင်ငံတကာမဟာဗျူဟာတခုနဲ့ ဆက်စပ်တယ်လို့တော့ ကျနော်မယုံကြည်ဘူးဗျ။ အနောက်နိုင်ငံက တချို့လူတွေရဲ့ ဖြစ်လိုတဲ့ဆန္ဒပါ။ ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာက သမ္မတဟာ ဆုံးဖြတ်နိုင်တဲ့ အကြီးအကဲနေရာမှာ ရှိနေတယ်၊ ဆုံးဖြတ်ချက် ချနိုင်တဲ့ အရိုက်အရာခေါင်းဆောင်သစ် တယောက်ရှိနေပြီလို့ ပြည်တွင်းကို အသိပေးလိုက်တာပဲ။ ဒီအငြင်းပွားဖွယ် ရေကာတာနဲ့ပတ်သက်ပြီး ယခင်အချိန်ကရော၊ အခုအချိန်အထိပါ မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ တရုတ်ကုမ္မဏီအကြား လျှို့ဝှက်ညှိနှိုင်းမှုတွေ ရှိခဲ့ပါတယ်။ သဘောတူညီချက်ပါ တချို့အချက်တွေကို ဦးသိန်းစိန် သိပုံမပေါ်ပါဘူး။ ဆိုတော့ ဒီကိစ္စကြီးက နိုင်ငံတော်ကိစ္စရပ်ကြီးတခု ဖြစ်လာပြီး ဦးသိန်းစိန်ရှာနေတဲ့ ကျည်ဆန်တတောင့် ဖြစ်လာတာပေါ့။ မြစ်ဆုံရေကာတာကိစ္စက ကချင်ပြည်သူတွေတင်မကဘဲ မြန်မာတမျိုးသားလုံးနဲ့ပါ သက်ဆိုင်တယ်။ ဒီလိုကိစ္စမျိုးတွေကနေ အမျိုးသားညီညွတ်ရေးကို တကယ်တမ်း တည်ဆောက်နိုင်တယ်။ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ကျနော့်အနေနဲ့ ကြိုဆိုပါတယ်။ တရုတ်က ၀င်ရောက်စွက်ဖက်မယ်လို့ ကျနော်တို့ မထင်ပါဘူး။ တရုတ်က သူရဲ့ပုဂ္ဂလိက ကုမ္ပဏီတခု ပိုက်ဆံ ဆုံးရှုံးလို့ မပျော်တာမဟုတ်ပါဘူး၊ အနိုင်ကျင့်စရာ တိုင်းပြည်တခု ဆုံးရှုံးသွားရတော့မှာကြောင့် စိတ်မချမ်းမသာ ဖြစ်နေပုံရပါတယ်။

ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ကတော့ သမ္မကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ဆက်လက်ရှင်သန်စေချင်တယ်၊ ကာကွယ်ချင်တယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးဆိုတာကို သူ့အနေနဲ့  ရှောင်လွှဲလို့မရပါဘူး။ ရှေ့ဆက်တိုးဖို့အတွက် တခြားနည်းလမ်းလည်း မရှိပါဘူး။ လူတော်တော်များများက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အဆိုးမြင်နေကြတုန်းပဲဗျ။ ဒါပေမယ့် ဦးသိန်းစိန်ကတော့ စွန့်စားမှုအများကြီးယူပြီး လူတိုင်းထင်ထားတာထက် ပိုပြီးလုပ်ပြနေတယ်။ အခုအချိန်မှာ ရှိနေတဲ့အန္တရာယ်က ဘာလဲဆိုတော့ လက်ရှိအနေအထားကို ဆက်ထိန်းထားလိုပြီး အပြောင်းအလဲကို မလိုလားတဲ့ ပြည်တွင်း၊ ပြည်ပ လူတွေဆီက ရလာနိုင်တဲ့ လက်တုန့်ပြန်ချက်တွေပဲ။

မေး ။    ။ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ်မှာထားတဲ့ မူဝါဒက ပျော့ပြောင်းလွန်းတယ်၊ ဘက်ပေါင်းစုံမဟုတ်ဘူး၊ တဖက်တည်းကဖြစ်နေပြီး၊ စစ်အစိုးရနဲ့သူ့ဘက်သားတွေ အလိုကျ လုပ်ပေးနေတဲ့ မူဝါဒနီးပါးတောင် ဖြစ်နေပြီလို့ တချို့ လှုပ်ရှားတက်ကြွသူတွေ၊ အတိုက်အခံတွေက ယုံကြည်ပါတယ်။  မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ ဥရောပသမဂ္ဂရဲ့ မူဝါဒအပေါ်မှာ ဘယ်လိုမျိုးအပြောင်းအလဲ လုပ်သင့်တယ်လို့ ဦးဟန်ညောင်ဝေ မျှော်လင့်ထားပါသလဲ။ တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဘဏ္ဍာရေးအကူအညီ ကန့်သတ်ချက်တွေကို လျှော့ပေးဖို့ စဉ်းစားနေတယ်ဆိုပြီး ယူဆချက်တွေ ထွက်ပေါ်နေပါတယ်။ အကယ်၍ အများက မျှော်လင့်ထားသလို နိုင်ငံရေးအကျဉ်းသားတွေ အများကြီး လွှတ်ပေးမယ်ဆိုရင် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးသင့်တဲ့ အချိန်ရောက်ပြီလား။ ပိတ်ဆို့မှုတွေ မရုပ်သိမ်းဘဲနဲ့ရော ဥရောပသမဂ္ဂနဲ့ အမေရိကန်အစိုးရအနနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အားထုတ်ချက်တွေအပေါ် သူတို့ကလည်း အကောင်းမြင်ပါတယ်ဆိုတာကို နေပြည်တော်ကသိအောင် ဘယ်လိုအရာမျိုးတွေ လုပ်ဆောင်ပေးသင့်ပါသလဲ။ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့က မြန်မာနိုင်ငံကို နည်းပညာနဲ့ ငွေကြေးအကူအညီပေးမယ်လို့  ဦးဟန်ညောင်ဝေ မျှော်လင့်ပါသလား။

ဖြေ ။    ။ လူတယောက်က အားနည်းတယ်ဆိုရင် သူ့ကို အနိုင်ကျင့်မယ့်သူကို အနိုင်လာမကျင့်အောင်လို့ မျက်နှာချိုသွေးနိုင်တယ်။ အဲဒီ အယူအဆက ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံကိစ္စမှာတော့ မဆိုသလောက်ပဲ မှန်ပါတယ်။ ဥရောပသမဂ္ဂ ရပ်တည်မှုအတွက် မြန်မာနိုင်ငံ မလိုပါဘူး။ သူ့မှာ မြန်မာထက် ပိုအားသာတဲ့အချက် ဒုနဲ့ဒေးပါပဲ။ ဘာကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်င်ငံကို သွားလေချိုသွေးနေရမှာတုန်း။ အနောက်နိုင်ငံအစိုးရများလိုပါပဲ၊ ၁၉၉၀ နဲ့ သက္ကရာဇ် ၂၀၀၀ အစောပိုင်းနှစ်တွေတုန်းက အတိုက်အခံတွေဆီကနေ မူဝါဒအကြံဉာဏ်တွေ ပေးနိုင်အောင် ဥရောပသမဂ္ဂက လမ်းဖွင့်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၁၅ နှစ် (ရွေးချယ်ခံအစိုးရသက်တမ်း သုံးကြိမ်၊ လေးကြိမ်နှင့် ညီမျှသည်)  ကြာလာတဲ့အခါမှာတော့  ဥရောပသမဂ္ဂကလည်း အတိုက်အခံတွေရဲ့ မူဝါဒ ဘယ်လောက်ထိ အရာရောက်သလဲ ဆိုတဲ့အပေါ် မေးခွန်းတွေ စမေးလာပါတော့တယ်။ အတိုက်အခံတွေထားတဲ့ မူဝါဒက အဓိကအားဖြင့် မြန်မာစစ်အစိုးရနဲ့ ထိပ်တိုက်တွေ့ရေး၊ စစ်အစိုးရကို အထီးကျန်ထားရေးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သူ့ဟာသူ ပဋိပက္ခနဲ့ နပမ်းလုံးနေတဲ့အချိန်မှာ ဥရောပက မတူညီတာတွေကို ပြန်လည် စုစည်းနေတဲ့အချိန်၊ နယ်စပ်မျဉ်းတွေကို ဖွင့်ပေးနေတဲ့အချိန်၊ ပဋိပက္ခအများစုကို စေ့စပ်ဆွေးနွေးရေးနည်းလမ်းနဲ့ ကြိုးစားဖြေရှင်းနေတဲ့အချိန် ဆိုတာကို ကျနော်တို့ သတိချပ်သင့်ပါတယ်။ ဥရောပသမဂ္ဂက ဒီမိုကရက်တစ်မူတွေ အပေါ်မှာ အခြေခံပြီး မြန်မာနိုင်ငံဆိုင်ရာ သူ့ကိုယ်ပိုင်မူဝါဒကို စတင်ရေးဆွဲလာပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးလာစေဖို့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ နည်းလမ်းတွေပါ ရှာဖွေလာပါတယ်။

ဥရောပသမဂ္ဂရဲ့ အရေးယူမှုက ဘက်ပေါင်းစုံမဟုတ်ဘူးလို့ ဘယ်သူမှ မစွပ်စွဲနိုင်ပါဘူး။ မူဝါဒတခုရဖို့ နှစ်ပေါင်းများစွာကြာ အချိန်ယူရပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံရဲ့ ရွေးကောက်ခံ အစိုးရတွေအားလုံးက ချွင်းချက်မရှိ သဘောတူရပါတယ်။ ဥရောပသမဂ္ဂတခုလုံးက မြန်မာအတိုက်အခံကို ၁၀၀ ရာခိုင်နှုန်းအပြည့်အ၀ သဘောတူတာ မဟုတ်ဘူး၊ အထူးသဖြင့် ပြည်ပရောက် အတိုက်အခံတွေနဲ့ပေါ့။ တချို့က ပြောပြီပေါ့။ ဥရောပသမဂ္ဂရဲ့ မူဝါဒက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ်မှာ ပျော့ပျောင်းလွန်းတယ်၊ စစ်အစိုးရကို ချဉ်းကပ်တဲ့အခါမှာ တခြားသူတွေထက်ပိုပြီး ပျော့လွန်းတယ် စသဖြင့်ပေါ့။ အဖွဲ့ဝင်အစိုးရပေါင်း ၂၇ ခုက သဘောတူသည့်တိုင် ဥရောပသမဂ္ဂ အနေနဲ့ကတော့ ဒီမိုကရေစီ အခြေခံမူတွေကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဥရောပတိုက်သူတိုက်သားတွေက ဒီလိုလုပ်ရပ်မျိုးကို ဘယ်တော့မှ လက်ခံမှာ မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပေါ်မှာတော့ ကျနော်တို့ စိတ်ချလက်ချနေလို့ရပါတယ်။ အဲဒီမှာ သူများကို မဝေဖန်ခင် ပထမဦးဆုံးအနေနဲ့ ကျနော်တို့ကိုယ်ကျနော်တို့ မေးသင့်တာက  ကျနော်တို့ ကိုယ်တိုင်ကရော ဒီမိုကရေစီ ကျနေပြီလားလို့ပါ။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး ဆက်ဆံနေမယ် ဆိုတာကိုတော့ ကျနော်ယုံကြည်တယ်။ လူထုအခြေပြု အဖွဲ့အစည်းနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ (ကျန်းမာရေး၊ ပညာရေး၊ အသက်မွေး ၀မ်းကြောင်းမှု၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် စသဖြင့်) ရဲ့ လုပ်နိုင်စွမ်းတွေကို ကူညီဖြည့်ဆည်းပေးနေမှာပါ။ သဘောတရားကဘာလဲဆိုတော့ အားကောင်းတဲ့ လူထုအခြေပြု လူအဖွဲ့အစည်းမရှိဘဲ ပြည်သူ့အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာပဲ။ အလားတူပါပဲ။ ခြစားမှုမရှိတဲ့ ပညာရှင်အရင်းခံ လူထုအကျိုးပြုဝန်ဆောင်မှုတွေ မဟုတ်သရွေ့ ဘယ်အစိုးရကမှ ပြည်သူ့ထံကို မရှိမဖြစ် ၀န်ဆောင်မှုတွေ ဆောင်းကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။

ပြုပြင်ပြောင်းလဲမှုတွေဟာ တကယ်စစ်မှန်တယ်လို့ ဥရောပသမဂ္ဂက သဘောကျ ကျေနပ်တယ်ဆိုရင် သူတို့ ပိတ်ဆို့မှုတွေ ဖယ်ရှားမှာပဲ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းက သူတို့ထည့်သွင်းစဉ်းစားမယ့် အချက်တွေထဲက တချက်ပဲ။ ဒါပေမယ့် ပိတ်ဆို့မှုတခုတည်းက ဥရောပသမဂ္ဂမူဝါဒရဲ့ အဓိကအရေးပါတဲ့ အစိတ်အပိုင်းတော့ မဟုတ်ပါဘူး။ အဓိကအချက်က ဘာလဲဆိုတော့ စစ်မှန်တဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ၊ ဒီမိုကရေစီကျတဲ့၊ တရားမျှတ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်ခြင်းတွေပါပဲ။ တကယ်ပဲ IMF နဲ့ ကမ္ဘာ့ဘဏ်တို့က မြန်မာနိုင်ငံကို နည်းပညာနဲ့ ငွေကြေးအကူအညီ ပေးကောင်းပေးနိုင်ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲက ရှေ့နှစ်မှာဆိုတာ့ ရွေးကောက်ပွဲ မပြီးမချင်း အမေရိကန်ဆီက အများကြီးမျှော်လင့်လို့ မရနိုင်ဘူးလို့ ကျနော်ထင်တယ်။ မြန်မာနိုင်ငံက သူတို့အတွက် အရေးတကြီး ဦးစားပေးရမယ့်ကိစ္စ မဟုတ်ဘူးလေ။

မေး ။    ။ အရင်တုန်းက ဦးဟန်ညောင်ဝေက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု မူဝါဒကို ထောက်ခံပါတယ်။ အခုတော့ ထိတွေ့ဆက်ဆံရေးဘက်ကို ပိုပြီး ထောက်ခံနေပုံပေါက်နေပါတယ်။ ဘာကြောင့် အဲဒီလို ပြောင်းလဲသွားရတာပါလဲ။
ဖြေ ။    ။ ပိတ်ဆို့အရေးယူမှုအကြောင်း ဆွေးနွေးရင် လူတွေမှာ စိတ်ခံစားချက်တွေ ပါလာတတ်တယ်။ အမှားလုပ်တဲ့ လူတွေကို ဖွံ့ဖြိုးတိုးတက်ခွင့် ပြုသင့်သလား၊ အပြစ်ပေးသင့်သလားဆိုပြီး ဆွေးနွေးငြင်းခုံပွဲ ဖြစ်လာပါတယ်။ သူတို့အတွက် အရေးယူပိတ်ဆို့မှုဆိုတာ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ၁၉၉၀ အစောပိုင်းနှစ် ပထမဦးဆုံးအကြိမ် ကျနော်တို့  (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ – NCGUB၊ ပြည်ထောင်စုအမျိုးသားကောင်စီ – NCUB၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ – NLD-LA စသဖြင့်ပေါ့) ဆွေးနွေးတုန်းက ပိတ်ဆို့မှုကို နိုင်ငံရေးလက်နက်တခုအဖြစ် ရှုမြင်ခဲ့ပါတယ်။ အစိုးရ တော်တော်များများကလည်း နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ မေးစရာရှိတာက အဲဒီရည်မှန်းချက်ကရော အောင်မြင်ခဲ့လားပေါ့။ မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ ဆက်မလုပ်သင့်ဘူးပေါ့။ ပိတ်ဆို့မှုကို ကျနော်တို့ တင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောစေချင်လို့ပါ။ အပေးအယူတခုတော့ရမယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေလည်း ပြန်လည်ရရှိမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြတယ်။ အဓိကကတော့ စစ်ရေး ၀င်ရောက်စွက်ဖက်မှု (ဘယ်တော့မှ ဖြစ်လာမှာလည်း မဟုတ်ပါဘူး) မလုပ်လို့ကတော့ စစ်တပ်ကို အပေးအယူစားပွဲဆီ ရောက်လာဖို့ ဘယ်တော့မှ လုံလောက်တဲ့ဖိအား ဖြစ်လာမှာမဟုတ်ဘူး။ ပိတ်ဆို့မှုတွေ ထပ်ချမယ်ဆိုရင် အပေါက်ပေါက်နေတဲ့ ပူဖေါင်းကို လေဖြည့်နေသလိုပဲ၊ ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး။ ပိတ်ဆို့မှု ဖယ်ရှားပြီးတော့ ဗိုလ်ချုပ်ကြီးတွေကို ကျေနပ်အောင် မလုပ်နိုင်ပါဘူး။

ပိတ်ဆို့မှုတွေက နိုင်ငံတကာအသိုင်းအ၀န်းကိုလည်း ချိနဲ့စေတယ်။ ဘယ်သူကမှ ဦးစီးဦးဆောင် မလုပ်ရဲတော့ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရကို ထောက်ခံတယ်၊ ဒီမိုကရေစီမကျဘူးဆိုပြီး ခေါင်းစဉ်တပ်ခံရမှာစိုးလို့။ အပြောင်းအလဲတွေ ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံတကာ အသိုင်းအ၀န်းကို တခြားနည်းလမ်းတွေမှာ ပိုပြီး တက်တက်ကြွကြွ ပါဝင်စေလိုပါတယ်။ သူတို့ကိုယ်တိုင် ချိနဲ့နေမယ်ဆိုရင် ကျနော်တို့အတွက် အသုံးမ၀င်သလို မြန်မာပြည်သူတွေအတွက်လည်း အကူအညီ မဖြစ်ပါဘူး။ ဒါကြောင့် ကျနော်က ပိတ်ဆို့မှုတွေကို မထောက်ခံတော့တာပါ။ ကျနော်လိုချင်တဲ့အရာတခုကို ကျနော်တို့လိုချင်တဲ့ ပုံစံအတိုင်း မရနိုင်တော့တဲ့အခါ ပေးလာတဲ့အခြေအနေပေါ်မှာ အခြေခံပြီး တခြားနည်းလမ်းတခုကို ကျနော်တို့ရှာဖို့လိုပါတယ်။ ဥပမာ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောနေတယ်။ သူတို့နှစ်ယောက်ကြားမှာ နားလည်မှုတစုံတရာ ရနေပုံရပါတယ်။ အပေးအယူလုပ်ဖို့ ပြင်ဆင်ထားပြီးပုံလည်း ရပါတယ်။ ဒါ ကျနော်တို့ အရင်ကလိုချင်ခဲ့တဲ့အရာ မဟုတ်ဘူးလား။ ဒါပေမယ့် ကျနော်တို့ထဲက တချို့သူတွေက ပိတ်ဆို့မှုတွေ ပိုတောင်းဆိုနေတယ်။ ကျနော်တို့က ဘာလိုချင်တာလဲ။ ကျနော်တို့ ကြုံရသမျှအရာတွေဟာ ကျနော်တို့အတွက် အရေးပါသလား၊ မပါဘူးလားဆိုတာတောင် မသုံးသပ်တော့ဘဲ ကျနော်တို့က ခံစားတတ်လွန်း၊ မကောင်းမြင်လွန်းတာ များနေပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက ကျနော်ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲကို ကျနော်တို့ လိုချင်တယ်ဆိုရင် တပ်မတော်က အဲဒီအပြောင်းအလဲတွေကို ဦးဆောင်ရမယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အာဏာရှိလို့ပဲ။ အခု ဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်လုပ်နေပြီ။ ဆိုတော့ စစ်မှန်တဲ့အပြောင်းအလဲတွေ ဖြစ်လာမယ်၊ နောက်ဆုံးမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရလာမှာပါ။

မေး ။    ။ မကြာသေးမီက မြန်မာအစိုးရချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်မယ်ဆိုရင် အခုလက်ရှိအစိုးရဟာ အရင် စစ်အုပ်ချုပ်ရေးကနေ ဖွယ်ခွာလာပြီလို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ဒါပေမယ့်  တိုင်းရင်းသားလူနည်းစု အရေးမှာတော့ တိုးတက်လာတာ ကျနော်တို့ ဘာကြောင့်မတွေ့ရသေးတာလဲ။ မြန်မာပြည် အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတုန်းပဲ။ တိုင်းရင်းသားအရေးကိစ္စ သေသေချာချာ ဖြေရှင်းပြီးတဲ့အချိန်အထိ အနောက်နိုင်ငံတွေအနေနဲ့ နေပြည်တော်ရဲ့ ဆောင်ရွက်မှုတွေကို တက်တက်ကြွကြွ တုန့်ပြန်တာက ပိုသင့်လျော်တယ်လို့ ထင်ပါသလား။ တိုင်းရင်းသားဒေသတွေမှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) ဖွဲ့စည်းပေးရေး တောင်းဆိုမှုတွေအပေါ်မှာ ဦးဟန်ညောင်ဝေ ဘယ်လို တုန့်ပြန်ချင်ပါသလဲ။
ဖြေ ။    ။ ဘာကြောင့် မတိုးတက်သေးသလဲဆိုတာက ဒီပြဿနာတွေဟာ ပိုပြီးနက်နဲတယ်၊ လူတွေ မျှော်လင့်ထားတာထက် အားတွေပိုစိုက်ဖို့လိုတယ်၊ အချိန်ပိုယူဖို့လိုတာကြောင့်ပါ။ ဆယ်စုနှစ်ပေါင်းများစွာကြာ တည်ရှိခဲ့တဲ့ နှိပ်စက်မှုတွေ၊ ဒုက္ခခံစားမှုတွေ ကျော်လွန်ဖို့ ယုံကြည်မှု၊ စိတ်ချမှုတွေ တည်ဆောက်ဖို့ လိုပါတယ်။ အစိုးရစစ်သားတွေဟာ တိုင်းရင်းသားလူမျိုးတွေကို ဆက်ဆံတဲ့အခါမှာ ဥပေဒအရ ကင်းလွတ်ခွင့်အပြည့်နဲ့ ဆောင်ရွက်တယ်ဆိုတဲ့ အချက်ကိုတော့ အစိုးရအနေနဲ့ ရိုးရိုးသားသား အသိအမှတ်ပြုဖို့လိုပါတယ်။ အကျဉ်းထောင်တွေထဲက တိုင်းရင်းသားခေါင်းဆောင်တွေကို လွှတ်ပေးခြင်းအားဖြင့် ပြန်လည်ကုစားခြင်း လုပ်ငန်းစဉ်ကို သူတို့အနေနဲ့ ကူညီပေးနိုင်မှာဖြစ်သလို ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာလည်း ၀ိုင်းဝန်း ပံ့ပိုးပေးသွားနိုင်မှာပါ။ နေပြည်တော်အနေနဲ့ လုပ်နိုင်တာတွေ အများကြီးပါ။ မြစ်ဆုံရေကာတာကိစ္စကို ဦးသိန်းစိန် လုပ်သလိုမျိုး သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်မယ်ဆို ပိုပြီးထိရောက်မှာပါ။ အနောက်နိုင်ငံတွေက ဒါမှမဟုတ် တခြားနိုင်ငံခြား အစိုးရတွေက ပါဝင်ဆောင်ရွက်တာထက် သူ့တို့ကိုယ်တိုင် ဆောင်ရွက်တာက ပိုပြီးထိရောက်မှာပါ။  နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ နှစ်ဖက်စလုံးကို ညှိနှိုင်းဖို့ တွန်းအားပေးတဲ့နေရာမှာ၊ ပြီးတော့ စစ်ရေးလုပ်ငန်းတွေကို စွန့်ခွာတဲ့ လုပ်ငန်းစဉ်တခုလုံးအတွက် နည်းပညာအကူအညီနဲ့ အထောက်အပံ့တွေ ပံ့ပိုးတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာ ဖြစ်လာမယ့်ဟာ မဟုတ်ပါဘူး။ အခုကာလက ကျနော်တို့အနေနဲ့ သီအိုရီ ဖြစ်နိုင်ခြေတွေဆိုတာထက် လက်တွေ့ကျတဲ့ အဆင့်တွေကိုပဲ အာရုံစိုက်သင့်ပါတယ်။

မေး ။    ။ အကယ်၍ တနေ့မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းလာပြီဆိုပါတော့။ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ ဦးဟန်ညောင်ဝေ အနေနဲ့ရော၊ ဦးဟန်ညောင်ဝေရဲ့ အဖွဲ့အစည်းအနေနဲ့ပါ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လိုပါသလဲ။

ဖြေ ။    ။ ဥရောပ မြန်မာရုံးက မြန်မာနိုင်ငံတွင်း လူငယ်မျိုးဆက်သစ်နဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ လုပ်နိုင်စွမ်းတွေ မြှင့်တင်ပေးတဲ့ကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မတူညီတဲ့ တိုင်းရင်းသားအုပ်စုတွေအကြား နားလည်မှုတွေ တည်ဆောက်ပေးတဲ့လုပ်ငန်းတွေ၊ လက်နက်နဲ့ ဖြေရှင်းတဲ့နည်းလမ်းအစား တွေ့ဆုံဆွေးနွေးရေး၊ စေ့စပ်ညှိနှိုင်းရေးကတဆင့် ပြဿနာတွေကို အတူတကွ ဖြေရှင်းတဲ့နည်းလမ်းတွေကို လူထုအကြား ပညာပေးခြင်း စတဲ့ လုပ်ငန်းတွေမှာလည်း ကျနော်တို့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ယေဘုယျအနေနဲ့ ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာအသိုင်းအ၀န်းအကြား ကျနော်တို့ ပေါင်းကူးပေးနိုင်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံက ပွင့်လင်းလာပြီဆိုရင်တော့ ကျနော်တို့အလုပ်တွေကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်လာမှာပါ။     ။

No comments:

Post a Comment